Sunday, September 23, 2007

အပိုင်းအစ

ပြောပြရဦးမလားချစ်သူ၊ လူဆိုတာ တပင်ရွှေနန်း၊မြန်းချင်သူချည်း။
လွမ်းရဦးမလား၊ တမ်းတတုန်းမင်းမရှိပေမယ့်
လမ်းအစဆုံး မမုန်းတမ်းလျှောက်ခဲ့သူပါခင်။
ကြင်ပါရစေအချစ်၊ မင်းပြစ်လည်း သည်ဘ၀၊ မင်းမှ မင်းဖြစ်
မင်းရိုက်တဲ့လက်ဝါး၊ ဓါးသွားလားထင်ရ
ရင်ဝမှာ လှံဆယ်စင်း၊ မင်းထိုးခဲ့ပေါ့
ဒဏ်ရာဟာကင်ဆာ၊ အဖန်တစ်ရာလူဖြစ်စေဦး၊ မုန်းဖို့မရှိ။
မျက်ရည်ကအက်ဆစ်၊ အချစ်ဆိုတာအမုန်း၊
ငါပြုံးလည်း မင်းမရယ်နိုင်သူပဲလေ။
တစ်နေ၀င်တစ်နေထွက်နဲ့၊ မသေခင်ဒီတစ်သက်တော့
ကေ၀၀င်မှော်အတတ်တွေနဲ့၊ မင်းရက်စက်ခဲ့။
မျက်ရည်တော့ကျခဲ့ပါတယ်၊ မက်မပြေစရာမင်းအလှတွေကြောင့်
ခက်ပွေလီဒီအဆုံးမတော့၊ အမုန်းသာကြွင်း။
ငုဝါ (မိုးကုတ်)

မှတ်ချက်။ ဒါလေးက အလွန်ကြာပြီဖြစ်တဲ့ ကဗျာလေးပါ ရက်စွဲတောင် မမှတ်မိနိုင်လောက်အောင်ပါပဲ သူ့ကို သတိရလို့ လွမ်းလွန်းလို့ ဒီ Post ကို တင်ဖြစ်တာ မဟုတ်ပါဘူး။ ဘ၀ရဲ့ တစ်ချိုးက အမှတ်တရလေးမို့ ဒီကဗျာ လေးကို ချန်မထားရက်ဘူး။ အောင်ချမ်းလင်း ရဲ့ ဒါဏ်ရာတစ်ခု ဆိုရင်တော့ ငြင်းမှာ မဟုတ်ပါဘူး။

အလွမ်း အပိုင်းအစ တစ်နှစ်ပိုင်းတစ်ပိုင်း

နားထဲမှာ သံစဉ်တွေ ခုန်ပေါက်လို့
မျက်လုံးထဲက ခြောက်သွေ့နေတဲ့ရေခဲမြစ်
ဆို့နင့်နေတဲ့ငါ့အာခေါင်က မင်းနာမည်ယောင်ယောင်အော်နေဆဲ
နှုတ်ခမ်းဖျားမှာ ဒဏ်ရာမပေါ်သော ဒဏ်ရာတစ်ချို့
ရင်ဘတ်ထဲက မင်းအချစ်တွေ မှိုတက်နေပြီ
ဘာမှမရှိတော့ပါဘူးချစ်သူ၊ ချန်မထားခဲ့ပါဘူး
ငါငိုနေကျ ရေသောက်မြစ်လေးမို့
အလွမ်းဆိုတဲ့ နုဖတ်ဖတ် သစ်ပင်လေးတော့ချမ်းသာပေးပါ
ချစ်သူ မင်းအကုန်ယူသွားပါ
ငါ့ရဲ့စိတ်တွေကိုတော့ နှင်းငွေ့တွေကြားက နေရာဟောင်းလေးက
အခုထိမပြန်နိုင်သေးဘူး
အိမ်မက်တစ်ခုလို့ ဖြေသိမ့်လိုက်တော့ အလွမ်းတွေကအကြွင်း
မင်းသွားချင်တယ်ဆို ငါအနင်းခံရဲပါတယ်
ဒါပေမယ့် အပြုံးလေးတော့ မစပါဦး ခံနိုင်ရည်ရှိအောင်လို့ပါ
မုန်းချင်လည်းမုန်းသွားစမ်းပါ နှလုံးသားကိုတော့ဓါးနဲ့ထိုးခဲ့
အဆုံးမှာ သုညကြွင်းမှန်းသိခဲ့ရင်လဲ ဒီပုစ္ဆာကို ငါတွက်ခဲ့မှာပါ
ဘာနဲ့မှ မနှိုင်းရက်ဘူးချစ်သူ မင်းအပြုံးကိုပေါ့
ဖုန်းထဲမှာအာဘွားဆိုပြီး အပြင်မှာ ဗျာများခဲ့လေတယ်
သြော် နောက်ဆုံးငါမှားခဲ့လေသလားလို့
တစ်ခုခုသောဒဏ်ရာတွေဖိစီးလို့ ဒီမီးက ဘယ်တော့ငြိမ်းမလဲ
သဲနေတဲ့မိုးကြားမှာ ၀ဲနေကျမျက်ရည်တစ်ချို့ကိုအဖော်ပြု
ဘာမှုနဲ့အကျဉ်းကျနေမှန်းမသိ သို့သော် . .
ပုဒ်မက ၁၅၀၀ ၊ ပြစ်ဒဏ်က အလွမ်းနဲ့ အဆွေး
ပေးစမ်းဟဲ့ မင်းဘ၀ဆိုတောင် ငါမတွန့်တိုခဲ့ပါ
မှန်းစမ်းဟဲ့မင်းလက် ရက်စက်လှပါလားနော်
ရေးခဲ့တဲ့စာတွေကြောင့် လက်ဖျားတွေတောင်တိုနေပြီပဲ
ကဲ မထူးပါဘူး ငိုလိုက်စမ်း အားရပါးရ ဘ၀ကြီးပါ ပါသွားအောင်
နောင်ကျဉ်အောင် ဆိုပေမယ့် အဆစ်ကလေးတော့တောင်းခဲ့ပါရစေ
ဓါတ်ပုံလေးတော့ ခိုးခိုးနမ်းချင်တယ်
ငါ့အတွက် အချစ်နဲ့ဘ၀ ထပ်တူမကျခဲ့ရပေမယ့်
အချစ်=အလွမ်း၊ အချစ်=အဆွေး
နောက်ဆုံးတော့လည်း ဝေးခဲ့ကြပြီပေါ့လေ
အတိတ်တွေကို ရစ်လို့ရရင်တော့ ခဏခဏပြန်သွားချင်တယ် မင်းရှိဦးမယ်ဆိုရင်ပေါ့။
ဒီတော့မင်း ဘာပြောခဲ့ချင်လဲချစ်သူ ဘယ်တော့မှ အဆက်အသွယ်မလုပ်ပါနဲ့လို့လေ
အလွမ်းတွေကို နိုဗယ်ဆုသာပေးရင် ထားစရာနေရာတောင်ရှိမှာမဟုတ်ပါဘူး
မင်းတားမြစ်ချက်တွေကို ဒီနေ့အထိ ငါမချိုးဖောက်ခဲ့ပါဘူး
အရက်မသောက်ဘူး၊ ဆေးလိပ်မသောက်ဘူး၊ ကွမ်းမစားဘူး၊ မိန်းမမရှုပ်ဘူး
အခုငါ ကြွက်ဆေးတွေသောက်ထားတယ်၊ ကဲ နှုတ်ဆက်ပါတယ်
သရဏဂုံလာမတင်ချင်နေပါ မင်းဆီကချစ်သေးတယ်လို့ကြားရရင်တော်ပြီ။
ငုဝါ (မိုးကုတ်)

စာကြွင်း။ ရေးထားခဲ့တာ နှစ်ကိုပေါက်နေပါပြီ ကျွန်တော့်ရဲ့ ကဗျာစာအုပ်ဟောင်းလေးထဲကပေါ့ အမှတ်တမဲ့ ပြန်တွေ့လို့ အရင်အတိုင်းပဲ မပြင်မဆင် ပြန်တင်ထားလိုက်ပါတယ်။ ဝေဖန်ကြပါဦးဗျာ။

Tuesday, May 8, 2007

မျှော်လင့်ခြင်း

စာလုံးတွေထပ်နေပါလိမ့်မယ် သည်းခံပြီး ဖတ်ကြည့်ပါဦး၊ ကျွန်တော်အတွက်တော့ အပြင်းဆုံး ခံစားချက် တစ်ချို့ပါပဲ။ ၂၀၀၆ ခုနှစ် မတ် လ ၂၆ ရက်နေ့ (၁၁၀၀)နာရီမှာ ရေးထားပါတယ်။

မျှော်လင့်ခြင်းမှတ်တမ်းရှည်

ကျွန်တော့်ကို မချစ်တဲ့ ကောင်မလေးကို ကျွန်တော်ဆက်ပြီး မျှော်လင့်နေသေးတယ်။ ဖြစ်သင့်သလား။ ဒီကဗျာလေးထဲမှာ ရစ်သမ် ထပ်နေတာလေးတွေပါလာပါလိမ့်မယ်။ ဟာကွက်လေးတွေလည်း ရှိကောင်းရှိပါလိမ့်မယ် ကျေးဇူးပြုပြီးပြင်ပေးကြပါဦး။ ကျွန်တော်သိပ်ကြိုက်တဲ့ ကဗျာလေးပါ။ (၂၇-၄-၂၀၀၄)ရက်နေ့ ည (၇)နာရီခွဲမှာ ရေးခဲ့တာပါ။


ကိုယ့်ကိုမချစ်တဲ့ မိန်းကလေးတစ်ယောက်ဆီက အဖြေစကားကို အသက်နဲ့လဲပြီး စောင့်ရမှာလား?
သူထိုင်ခဲ့တဲ့နေရာ၊ သူလျှောက်ခဲ့တဲ့လမ်း၊ သူ့ကိုပေးခဲ့တဲ့စာတစ်စောင်၊ သူမယူသောလက်ဆောင်၊ အခန်းနံရံက သူ့ဓါတ်ပုံနဲ့ နာမည်တွေ၊ သူသုံးနေကျရေမွေး၊ သူစားနေကျ အစားအစာ၊ သူကြိုက်တဲ့သီချင်း၊ ပြင်းပြင်းပြပြ ချစ်ခဲ့တာတောင် ၊ သြော် သူက ချစ်မှချစ်တတ်ရဲ့လား။

သံသယ ချစ်သူသို့

သူငယ်ချင်းတစ်ယောက်က ကဗျာရေးပေးလို့ လာပြောတယ်။ သံသယနဲ့ သူ့ချစ်သူကို ပြင်းပြင်းထန်ထန်လေး ပြောပြချင်တယ်တဲ့။ သံသယ နဲ့ချစ်သူကို ပိုင်ဆိုင်ထားတဲ့သူများ ခံစားကြည့်ကြပါဦး တိုက်ဆိုင်မလားလို့ (၅-၃-၂၀၀၆)ရက်နေ့မှာ ရေးခဲ့တာပါ။
စာလုံးတွေက အ၀ါရောင်ဖြစ်နေလို့ သိပ်မရှင်းရင် ဒီလင့် {lick} မှာကြည့်နိုင်ပါသေးတယ်

မွဲဆေးဖော်ခြင်း

ကျွန်တော်လည်း လောင်းကစား ၀ါသနာထုံခဲ့သူပါ။ တိုက်ဆိုင်မှုများရှိရင်ခွင့်လွတ်ကြပါ။ ကျွန်တော့် ဖြစ်ရပ်မှန်လေးပါ။ ဒီကဗျာလေးကို ၂၀၀၂ ခုနှစ်အတွင်းက ရေးခဲ့တာပါဗျာ။

အလွမ်းရင်ခွင်အို

Cyber Cafe တစ်ခုကိုရောက်ခဲ့တုန်းက အဲ့ဒီဆိုင်မှာ Connection လုံးဝကျနေတယ် ဘာမှကို လုပ်လို့ မရဘူး။ အိမ်မှာလိုမဟုတ်ပြန်တော့ ဘယ်သူ့မှ ဂျစ်ကန်လို့လဲမရဘူး။ အဲ့ဒီအချိန် ကဗျာလေးတစ်ပုဒ် ရေးချမိလိုက် ပါတယ်။ PowerPoint နဲ့ရေးထားတာပါ။ ကဗျာရဲ့သံစဉ်မှာ မိန်းကလေးသံလေးများ ရှာတွေ့ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဖတ်ကြည့် ဝေဖန်ပေးပါဦး။

အမုန်းဒါဏ်ရာ

ဝန်ခံရဦးမည်။ ကျွန်တော်ကောင်မလေးတစ်ယောက်ကို ရူးမလောက် ချစ်ခဲ့ဘူးပါသည်။ သူကျွန်တော့်ကို အရမ်းရက်စက်သွားတယ်ဗျာ။ အဲ့ဒီဒါဏ်ရာဟာအခုတော့ ရင်ထဲမှာ အနာကျက်နေခဲ့ပါပြီ ဒါပေမယ့် အမုန်းဒါဏ်ရာဆိုတဲ့ ဒီကဗျာလေးမှာတော့ ခြေရာလေးတစ်ခု အမှတ်မထင်ကျန်နေရစ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မတ်လ ၁၇ ရက်နေ့ (၂၂၃၀) နာရီအချိန်မှာ ရေးခဲ့တာပါ၊ ဒီအဖြစ်အပျက်ကတော့ ၂၀၀၃ ခုနှစ်လောက်မှာပါ။

အိမ်မက်ထဲမှာဗျာ

အိမ်မက်လေးတစ်ခုပါ၊ ဘယ်လိုလှလို့လှမှန်းမသိအောင် လှနေတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်တော် ပွေ့ဖက်လိုက်ရတဲ့အိမ်မက်လေးပါ။ လန့်နိုးသွားတာကြီးကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ဘ၀င်မကျခဲ့ ပါဘူး။ ဒါပေမယ့် --------?---------- ဒါပေမယ့်ပေါ့လေ *၂၀၀၆မတ်၁၉ရက်နေ့ ညနေ(၄)နာရီ*

သူငယ်ချင်းသို့တောင်းပန်ခြင်း

ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ်မှာ www.mmchat.biz/mirror1 မှာ ကျွန်တော် အရမ်းကို ပျော်ခဲ့ပါတယ်။ အခုတော့ ၀င်မယ်ဆိုပြီးဖွင့်မကြည့်ပါနဲ့ မရှိတော့ပါဘူး။ အဲ့ဒီတုန်းက သူငယ်ချင်း မိန်းကလေးတစ်ယောက်ကို တောင်းပန်ဖို့ ရေးထားမိတာပါ။ နေ့ရက်တော့ အတိအကျ မမှတ်မိတော့ပါဘူး။ ကာယကံရှင်ကတော့ လက်ရှိ အသက် ထင်ရှား ရှိနေပါသေးတယ်။ ကျွန်တော်ဒီကနေ ထပ်တောင်းပန်ပါရစေ။ ဘယ်သူဖြစ်မယ်ဆိုတာကိုတော့ မြန်မာChat ၀င်ဘူးတဲ့သူများ သိကြမယ်လို့ထင်ပါတယ်။ ဘာပဲပြောပြာ ဒါလေးလဲ အမှတ်တရပါ။

အချစ်ရဲ့ရသ

(၁၉-၈-၂၀၀၄)ရက်နေ့မှာ ကျွန်တော်အမှတ်တမဲ့ကနေရေးမိလိုက်တဲ့ ကဗျာလေး တစ်ပုဒ်ပါ ဘာပဲပြောပြော အမှတ်တရ ဖြစ်စေခဲ့ပါတယ်။ စိတ်ကူးယဉ်ဆန်တယ်ပဲပြောပြော အချစ်ရှိနေရင် အရာရာ မဟုတ်တောင် တော်တော်များများတော့ လှပနေပါလိမ့်မယ်ခင်ဗျာ။

Monday, May 7, 2007

INTRODUCTION

နိဒါန်း
ကျွန်တော်ဟာ မထင်မရှား ကဗျာဆရာလေးတစ်ဦးဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်မှစပြီး စာပေ လောကထဲ ၀င်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဟိုတစ်စ၊ ဒီတစ်စနဲ့ ကျွန်တော့်ကဗျာလေးတွေ မဂ္ဂဇင်း၊ ဂျာနယ် တွေ ထဲမှာတွေ့နိုင်ပါတယ်။ ကလောင်အမည်ကို အမျိုးမျိုးနဲ့ရေးခဲ့ပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ငုဝါ နဲ့ ရည်မွန်သိုင်းဆိုတဲ့ ကလောင်လေး နှစ်လက်ပါပဲခင်ဗျာ။
ကဗျာတွေအများကြီးဖတ်နေတယ်။ အများကြီး ပြန်ရေးဖို့လည်း ကြိုးစားနေပါတယ်။ ဒါပေမယ့် ကဗျာ လောကကြီးမှာ မော်ဒယ် ကဗျာတွေ စတင်ဝင်ရောက်လာတာနဲ့ အမျှ ကာရန်နဲ့ရေးတဲ့ ကဗျာဆရာတွေ မတွေ့ရ သလောက် ဖြစ်လာပါတယ်။ အပြစ်မဆိုပါဘူး လက်တွေ့ရေးကြည့်မှ သိရတာပါ။ ရင်ထဲကထွက်လာတဲ့ ခံစားချက် အတိုင်း ကာရန်ဟာ ထပ်တူကျဖို့ မလွယ်ကူပါဘူး။ ရှေးဆရာတို့က ကဗျာတွင် ကာရန် အတွယ်အချိတ်ရှိ၏။ အလင်္ကာ (၄)မျိုး၊ သမာဓိဂုဏ် (၆)ပါး၊ ရသ (၉)မျိုးတို့ဟာ ကာရန်နဲ့တွဲဖက်ပြီး ကဗျာဆိုတဲ့ စာစုလေးတွေ ဖြစ်ပေါ် လာတယ်လို့ဆိုခြံပါတယ်။ မြန်မာ့ ကဗျာတွေ ဘယ်ခေတ်ရောက်ပီလို့ ဆိုဆို ကျွန်တော့်ရဲ့ ရေးပုံဟောင်းလေးနဲ့ ကဗျာလေးတွေကိုတော့ သေချာ ဖတ်ရှုဝေဖန်ပေးကြပါဦး။